International News

ကိုရီးယားသမ္မတနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် FTA ဆွေးနွေးမှုအား ဆက်လက် ဆောင်ရွက်နေမှုအခြေအနေ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် COVID-19 ကြောင့်ထိခိုက်ရသည့် နိုင်ငံ၏စီးပွားရေးကို ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့ခြင်းမှတစ်ဆင့် ပြန်လည်နာလန်ထူ စေရန် ဆောင်ရွက်နိုင်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသည့်အားလျော်စွာ ကမ္ဘောဒီးယားနိုင်ငံနှင့် ဆွေးနွေးဆဲဖြစ်သော လွတ်လပ် သောကုန်သွယ်မှုသဘောတူညီချက်ဆိုင်ရာ FTA ဆွေးနွေးပွဲ၏ ဒုတိယအကြိမ် (Second Round) ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ပထမ ပတ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုးလ်မြို့တော်နှင့် ဖနွမ်းပင်မြို့တော်တို့အကြား Virtual Meeting ကို Online မှတစ်ဆင့် (၄) ရက်တာ ဆွေးနွေးရန် စီစဉ်ထားကြောင်း ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ (၃၁-၈-၂၀၂၀) ရက်နေ့တွင် ထုတ်ဖော်ပြောကြားချက်အရသိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နှစ်နိုင်ငံအကြား ပထမအကြိမ်ဆွေးနွေးပွဲကို ၂၀၂၀  ပြည့်နှစ်၊ ဇူလိုင်လနှောင်းပိုင်းတွင် ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လတွင် တောင်ကိုရီးယားနိုင်ငံ၊ သမ္မတမွန်ဂျေအင်း၏ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့်ထိပ်သီးအစည်းအဝေး၌ နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ကြိုတင်ပြင်ဆင် မှုများပြုလုပ်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ အဆိုပြုချက်အပြီး (၁) နှစ်အကြာတွင် ဤကဲ့သို့ နှစ်နိုင်ငံအကြား FTA ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု အားဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယခုတစ်ပတ်အစည်းအဝေးတွင် တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ FTA ဆိုင်ရာ ကုန်စည်အုပ်စုများကို သတ်မှတ်ရေးတို့အတွက် အမြင်ချင်းဖလှယ်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့်အာဆီယံနှင့် လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကို ချုပ်ဆိုဆောင်ရွက်ထားပြီး ဖြစ်သော်လည်း၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံ တစ်ခုချင်းစီနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများ ပိုမိုပွင့်လန်းလာစေရေးအတွက် လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို ထပ်မံညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင်ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အပေါ်တွင် ပို့ကုန်ကဏ္ဍ၌  (၄၀) ရာခိုင်နှုန်းခန့် မှီခိုအားထားနေရခြင်းကို လျှော့ချရန် ကြိုးပမ်းဆောင်ရွက်လိုခြင်းကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် အာရှ၏ စတုတ္ထစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံအတွက် အဆင့် (၅၈) ရှိ ပို့ကုန်အများဆုံးတင်ပို့ရာဒေသဖြစ်ပြီး၊  Korea International Trade Association (KITA) ၏ စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ (၁) ဘီလီယံသို့ရောက်ရှိခဲ့ကာ၂၀၁၈ ခုနှစ်ကထက် (၆) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အဓိကအားဖြင့် တောင်ကိုရီးယားနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ကုန်တင်ယာဉ်၊ အချိုရည်နှင့် ချည်မျှင်/အဝတ်အထည်များကို တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၁၉ ခုနှစ်တွင် အာဆီယံနိုင်ငံများသို့ တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့နိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ (၆၉၇) သန်းရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ်ကထက် (၅.၅) ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်စာချုပ်များကို ဗီယက်နမ်နိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့နှင့် ချုပ်ဆိုခဲ့ပြီးဖြစ်ရာ၊ ယခုဆွေးနွေးညှိနှိုင်းမှု ပြီးမြောက်၍ သဘောတူညီချက်စာချုပ်အား လက်မှတ်ရေးထိုးပြီးပါက ကမ္ဘောဒီးယားနိုင်ငံသည်လည်း တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်အာရှဒေသရှိ FTA ကုန်သွယ်ဖက်နိုင်ငံစာရင်းဝင်ဖြစ်လာမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားပို့ကုန်လုပ်ငန်းရှင်များအတွက် အဆင်ပြေစေမည့် စီးပွားရေးဝန်းကျင်တစ်ခုကိုဖန်တီးပေးလျက် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေး နိုင်မည်ဟု ယုံကြည်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် FTA ဆိုင်ရာတရားဝင် ဆွေးနွေးညှိနှိုင်းခြင်းများကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် (၅) ကြိမ်မြောက် ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး၊ မလေးရှားနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများမှာလည်း တိုးတက်မှုရှိကြောင်း၊ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံနှင့်လည်း The Comprehensive Economic Partnership Agreement (CEPA) ကို အတည်ပြု လက်မှတ်ရေးထိုး ပွဲကျင်းပနိုင်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ဖော်ပြောကြားချက်များအရ သိရှိရပါ သည်။  

 

Source: The Korea Times

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News